အခန်း ၂ :: Resume

Resume လို့ ခေါ်သလို CV လို့လည်း ခေါ်ကြပါတယ်။ အလုပ်ရှာတော့မယ် ဆိုရင် မဖြစ်မနေ Resume ကို ပြင်ရပါတယ်။ အလုပ်ခေါ်သည့် အခါမှာ တချို့ တွေက ဘာ experience မှ မပါပဲ အပြင်မှာ CV form ဝယ်ပြီး ဖြည့်ပြီး ပို့လိုက်တာ ရှိသလို လုပ်ခဲ့သမျှ အသေးစိတ်ကို စာမျက်နှာတွေ အများကြီး နဲ့တင်ထားတာလည်း ရှိပါတယ်။

Resume မှာ အဓိက အားဖြင့် သိချင်တာကတော့ လက်ရှိ လိုအပ်နေသည့် နေရာအတွက် ကိုက်မကိုက် အဓိက ကျပါတယ်။ ရုံးမှာ လိုတာက Laravel ဖြစ်ပြီး ကိုယ်က C# လျှောက်ရင်တော့ အလုပ်ရမှာ မဟုတ်တာ သေချာ သလောက်ပါပဲ။ နောက်ပြီး တွေ့သမျှ အကုန် လျှောက်ခဲ့လို့ အလုပ် ရခဲ့ရင်တောင် ကိုယ်ရချင်သည့် အလုပ်မဟုတ်ရင် ပျော်မှာ မဟုတ်ပါဘူး။ ဥပမာ ကိုယ်က Mobile App Development လုပ်ချင်ပေမယ့် ရသည့် အခါမှာတော့ web development ဖြစ်နေ မျိုးပေါ့။

လိုအပ်ချက်

Resume မှာ အဓိက keyword တွေ match ဖြစ်အောင် ဖော်ပြရေးသားထားဖို့ လိုပါတယ်။​ နောက်ပိုင်းမှာ Resume ကို AI နဲ့ စစ်တာ ရှိသလို keyword နဲ့ filter လုပ်တာလည်း ရှိပါတယ်။ Resume တစ်ခု မှာ ပါသင့်သည့် အချက်တွေကတော့

  • Name
  • Date of Birth
  • Address
  • Phone Number
  • Website
  • Email Address
  • Social Network (Github, LinkedIn)
  • Profile/Objectives
  • Work Experience (Companies)
  • Education
  • Projects
  • Awards
  • Certifications
  • Skills
  • Hobbies
  • Languages

စတာတွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ Resume မှာ စာမျက်နှာ အနည်းအများထက်စာရင် job description ထဲမှာ ပါသည့် အချက်အလက်တွေ ကို resume ထဲမှာ ပါနေဖို့က ပို အဓိက ကျပါတယ်။

Email ကတော့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ လူငယ်တွေ အများစုဟာ email မသုံးကြပါဘူး။ messenger, viber စသည် ဖြင့် အဓိက သုံးပါတယ်။ အလုပ်လျောက်သည့် အခါမှာတော့ Email က အဓိက ကျပါတယ်။ ပုံမှန် email လည်း စစ်ဖို့ လိုအပ်ပါတယ်။

Social Network ဆိုသည့်အပိုင်းမှာလည်း Facebook ထက် Github, LinkedIn လိုမျိုး personal မဟုတ်ပဲ အလုပ်နဲ့ သက်ဆိုင်ရာ ကိုသာ ထည့်သွင်းသင့်ပါတယ်။ အလုပ်ခေါ်သည့် အခါမှာ Github ဆိုရင် code တွေကို လေ့လာကြည့်ဖို့နဲ့ လက်ရှိ skill က ဘယ်လောက်ရှိတယ် ဘာတွေ တတ်သလဲ ဆိုတာကို တစ်ခါတည်း လေ့လာနိုင်ပါတယ်။ LinkedIn ကတော့ ကိုယ့် အလုပ်နဲ့ ပတ်သက်ပြီး ဘယ်သူတွေကို သိသလဲ ဘယ်သူတွေက ကိုယ့်ကို recommend လုပ်ထားလဲ ဆိုတာကို ကြည့်ဖို့ အတွက်ပါ။

Profile/Objectives ကတော့ မိမိ အကြောင်း အကျဥ်းချုပ်သဘောနဲ့ ဘာကြောင့် အခုလျောက်သည့် position ဟာ ကိုယ် နဲ့ သင့်တော်တယ် ဆိုတာကို ရေးသားရသည့် အပိုင်းပါ။

Work Expereince ကတော့ ဘယ်ခုနှစ်ကနေ ဘယ်ခုနှစ် အထိ ဘယ် company တွေမှာ လုပ်ခဲ့လဲ ဆိုတာကို ဖော်ပြဖို့ပါ။ ဘယ် postion မှာ ဘာတွေ လုပ်ခဲ့တယ် ဆိုတာ အကျဥ်းအားဖြင့် ဖော်ပြထားဖို့ လိုပါတယ်။ Work Expereince မှာ အရေးကြီးသည့် နောက်အချက်ကတော့ Responsibilities ပါ။​ အဲဒီ အလုပ်မှာ ဘာတွေ လုပ်ခဲ့တယ်။ ဘာတွေ ပြီးမြောက်ခဲ့တယ်။ ဘယ် framework, ဘယ် language တွေ နဲ့ သုံးပြီး ရေးခဲ့တယ် ဆိုတာ မျိုးက အရေးကြီးပါတယ်။ 

Technical Position ရှာနေတာဖြစ်သည့်အတွက်ကြောင့် Experience ကို ဖော်ပြသည့် အခါမှာ သက်ဆိုင်ရာ နည်းပညာ keyword တွေ ပါအောင် ရေးသားဖို့ လိုပါတယ်။ ဥပမာ

- Developed Streaming iOS App (Swift) with UIKit and MVC architecture.
- Implemented Download Manager using NSURLSessionDownloadTask and handling concurrency with DispatchGroup.

အထက်ပါ အချက်အလက်မျိုးတွေကို Work Expereince မှာ ဖော်ပြထားပေးဖို့ လိုပါတယ်။

Education ကတော့ ကိုယ်တက်ခဲ့သည့် တက္ကသိုလ် ရခဲ့သည့် ဘွဲ့တွေကို ဖော်ပြထားဖို့ပါ။

Projects ကတော့ ကိုယ်လုပ်ခဲ့ဖူးသည့် projects တွေပေါ့။ ပုံမှန် အားဖြင့် open sources project တွေ နောက်ပြီး လုပ်ခဲ့သည့် ရုံးက တရားဝင်ဖော်ပြခွင့် ရှိသည့် project တွေသာ ဖော်ပြသင့်ပါတယ်။ ဥပမာ ကိုယ်လုပ်ခဲ့သည့် ရုံးက client အတွက် ရေးသားထားသည့် ​project ဖြစ်ပြီးတော့ ရုံးကနေ ရေးသားခဲ့သည် ဆိုတာကို ဖော်ပြခွင့် မရှိသည့် project မျိုးတွေကို မရေးသား သင့်ပါဘူး။

Project တွေထဲ ကိုယ်ပိုင် ဖန်တီးထားသည့် project တွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။ အလုပ်လျောက်ဖို့အတွက် Project နေရာမှာ ရေးဖို့ မရှိသေးရင် ရှိအောင် အရင် ဖန်တီးပါ။ ကိုယ်ပိုင် Project အသေးလေးတွေ ဖြစ်သည့် MovieDB , Manga App, Video App စသည့် ကိုယ်ပိုင် App လေးတွေ ရေးသားနိုင်ပါတယ်။ နောက်အရေးကြီးဆုံးက ကိုယ်လုပ်ထားသည့် Project က ကိုယ်ကိုယ်တိုင်အတွက် အသုံးဝင်နေဖို့ လိုတယ်။

နောက်တဆင့် freelance project တွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းသည့် အခါမှာ သတိထားဖို့ လိုပါတယ်။ Client နဲ့ အရင်ညှိဖို့ လိုတယ်။ တချို့တွေက sub contract တွေဖြစ်တတ်သလို အချို့တွေက company ကနေ တဆင့် ပြန်ချသည့် sub contract တွေ ဖြစ်တတ်ပါတယ်။ အဲဒီ အခါမျိုးမှာ ထည့်သွင်းဖို့ အဆင်မပြေပါဘူး။

Awards , Certifications ကတော့ ကိုယ်ရခဲ့ဘူးသည့် ဆုတွေ certificate တွေကို ဖော်ပြဖို့ပါ။ ဥပမာ AWS Certified Solutions Architect လို့ ဖော်ပြထားရင် ကိုယ် AWS ကိုယ်တကယ် သိတယ် ဆိုတာကို ဖော်ပြထားရာလည်း ရောက်ပါတယ်။

Hobbies, Languages တွေကတော့ ရှင်းပြဖို့ မလိုပါဘူး။

Resume အတွက်

လိုမျိုး template ရှိပြီးသား data ထည့်သွင်း ဖို့ လိုသည့် စနစ်တွေ အသုံးပြုသင့်ပါတယ်။

ပိုပြီး ကောင်းတာကတော့ MS Word ဖြစ်ဖြစ် Google Docs ဖြစ်ဖြစ် ATS (Applicant Tracking System) နဲ့ ကိုက်ညီ သည့် resume ကို ပြင်ဆင်ထားဖို့ လိုပါတယ်။ မဟုတ်သည့် အခါမှာ word,pdf ကို scan ဖတ်သည့် အခါမှာ data တွေက မှန်မှန် ကန်ကန် မဝင်တာ တွေ ဖြစ်တတ်ပါတယ်။ 

အတွေ့အကြုံမရှိသည့် Junior Developer

Junior Developer တွေမှာ Experience မရှိသည့်အတွက် Work Experience နေရာမှာ ရေးသားတာ ခက်ခဲပါတယ်။ အချို့ကလည်း Intern ခဏ ဝင်လုပ်ဖူးတာတွေပဲ ရှိပါတယ်။ အတွေ့အကြုံမရှိသည့် အခါမှာ Resume ကို projects တွေ စုထားပြီး ပြရပါတယ်။ လုပ်ခဲ့ဖူးသည့် projects တွေ ၊ opensource project တွေ ချရေးထားခြင်းဖြင့် အနည်းဆုံး A4 ၁ မျက်နှာ အပြည့် သို့မဟုတ် ၁ မျက်နှာ ခွဲ​လောက် ရနိုင်ပါတယ်။ Resume ရေးသားရာမှာ 2023 နောက်ပိုင်းမှာ one page resume တွေထက် ၂ မျက်နှာက နေ ၄ မျက်နှာ ရှိသည့် resume တွေ ကို ပိုပြီး ဖတ် ကြတာ များပါတယ်။ နိုင်ငံ နဲ့ လည်း ဆိုင်ပါတယ်။ recuriter အများစုကတော့ စာမျက်နှာ ၂ ခု လောက် ပါတာကို ပိုပြီး စိတ်ဝင်စားကြတယ် လို့ ပြောကြပါတယ်။

Keywords

အရေးကြီးသည့် အချက်ကတော့ Job Description မှာ ဖော်ပြထားသည့် keywords တွေဟာ ကိုယ့် resume မှာ ပါနေဖို့ လိုတယ်။ ပုံမှန် အားဖြင့် HR သို့မဟုတ် Recruitment team က Resume တွေ အများကြီးကို ကြည့်ရတာကြောင့် keyword နဲ့ filter လုပ်လိုက်တာ များပါတယ်။ Keywords နဲ့ ကိုက်သည့် သူတွေကိုပဲ ခေါ်ပါတယ်။ ဥပမာ Job Title က Project Manager ဖြစ်ပြီး Job Description ထဲမှာ PHP, MySQL လို့ ပါထားတယ်။ ကိုယ်က experience လည်းရှိတယ် ဒါပေမယ့် resume ထဲမှာ Java, Postgres လို့ ဖြစ်နေရင် HR က ပယ်ချမှာပဲ။ အများအားဖြင့် keyword နဲ့ စစ်ထုတ် တတ်ကြပါတယ်။

Resume များ

အလုပ်ခေါင်းစဥ်တစ်ခု အတွက် resume တစ်ခု ဖန်တီးထားဖို့ လိုပါတယ်။ ဥပမာ ကိုယ်က PHP အတွက် လျှေက်မယ်ဆိုရင် PHP နဲ့ ဆိုင်တာတွေ များများ ထည့်ထားပြီးတော့ Node.JS အတွက်ဆိုရင်တော့ javascript, typescript စသည့် project တွေကို အဓိက ဖော်ပြထားဖို့လိုပါတယ်။ Frontend position ဆိုရင်လည်း ReactJS တို့လိုမျိုး frontend နဲ့ ဆိုင်သည့် project တွေ ကို highlight လုပ်ထားဖို့ လိုအပ်ပါတယ်။

ကိုယ်လျှောက်မယ့် position title အတွက် မတူညီသည့် resume တွေ ပြင်ထားဖို့ လိုအပ်ပါတယ်။