အခန်း ၃ :: Interview

အကယ်၍ interview ခေါ်ခံ ရပြီ ဆိုရင်တော့ သင်ဟာ အလုပ်ရဖို့ 50% ရှိသွားပါပြီ။ အလုပ်ခေါ်စာတွေ အများကြီးထဲက မှ အဆင်ပြေနိုင်မယ့်သူတွေ ကို interview ခေါ်ကြပါတယ်။ ဒါကြောင့် interview မှာ ကောင်းမွန်စွာ ဖြေနိုင်ရင် အလုပ်ရဖို့ ရှိပါတယ်။

ပြင်ဆင်ခြင်း

Interview တိုင်းက ပြင်ဆင်ရပါတယ်။ ပြင်ဆင်တယ်ဆိုတာ CV form ပြင်ဆင်ရတာ မဟုတ်ပါဘူး။ မပြင်ဆင်ပဲ လာသည့် junior developer အများအပြားကို interview ခဲ့ဖူးတယ်။ အခုမှ​ အလုပ်လျောက်သူတွေဟာ Resume ကို ကောင်းမွန်စွာ မရေးထားသလို interview အတွက်လည်း ပြင်ဆင်ထားခြင်း မရှိပါဘူး။

ပထမဆုံး company အကြောင်းကို research လုပ်ရပါတယ်။​ ဘယ် technology တွေ သုံးလဲ။​ ဘယ်လိုမျိုး app တွေ project တွေ ပြီးထားတယ်။ client တွေက ဘယ်သူလဲ။ CEO က ဘယ်သူလဲ။ company မှာ ဝန်ထမ်း ဘယ်နှစ်ယောက် ရှိလဲ။ စသည့် အချက်အလက်တွေကို company website, facebook , linked in တို့မှာ လေ့လာဖို့ လိုတယ်။ Company အကြောင်းကို လေ့လာပြီးမှ ဒီ company မှာ အလုပ်လုပ်ချင် စိတ်ရှိ မရှိ ကို ပြန်လည် ဆန်းသစ်ရပါတယ်။

အဆင်ပြေတယ် လုပ်မယ် ဆိုရင် နောက်တဆင့် အနေနဲ့ company မှာ လုပ်နေသည့် အထဲမှာ အသိရှိလား ရှာရပါတယ်။ ရှိတယ်ဆိုရင် ရဖို့ အခွင့်အလမ်းများပါတယ်။​ သူက ကိုယ့်ကို referral လုပ်ပေးနိုင်သလား ဆိုပြီး မေးကြည့်ဖို့ လိုတယ်။ နောက်ပြီးတော့ ဘယ်လို interview မေးတတ်လဲ။ code test က ဘာတွေ မေးတတ်လဲ ဆိုတာကို သိရနိုင်ပါတယ်။

Code test တွေ မေးတတ်သည့် company တွေ ဆိုရင် code တွေ algorithm တွေကို ပြန်လေ့လာထားဖို့လိုတယ်။ အကောင်းဆုံးကတော့ http://leetcode.com/ မှာ လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ အဆင်ပြေတာကတော့ https://neetcode.io/ ပြထားသည့် အဆင့်တိုင်း နေ့စဥ် လေ့ကျင့်ထားရင် interview code questsions တွေကို လွယ်လွယ်လေး ဖြေနိုင်မှာပါ။

Algorithm တွေက အဖြေ တစ်ခါ သိထားပြီးရင် ဖြေရှင်းရလွယ်ပါတယ်။​ အဖြေမသိသေးသည့် မေးခွန်းတွေ မေးလာရင် စဥ်းစားရတာ အချိန် အရမ်းကြာနိုင်ပါတယ်။ နောက်ပြီး ရနိုင်ခြေ အခွင့်အလမ်း နည်းပါတယ်။

S.T.A.R Method

Interview တွေ ဖြေသည့် အခါမှာ S.T.A.R method ကို အသုံးပြုပြီး ဖြေကြားသည့် အခါမှာ ပိုမို အဆင်ပြေပါလိမ့်မယ်။

S.T.A.R ဆိုတာကတော့

  • S : Situation
  • T : Task
  • A : Action
  • R : Result

မြန်မာလို ရှင်းပြရရင် ဘယ်လို အခြေအနေ ​၊ ဘယ်လို task ကို ဘယ်လို action ယူခဲ့တယ်။ အဲဒီ အတွက် ဘယ်လို result ထွက်လာတယ် ဆိုတာကို ဖြေဆိုသည့် စနစ်ပါ။

ဥပမာ။ မင်း pressure ခံနိုင်လား လို့ မေးလာခဲ့ရင် ၊ ဟုတ်ကဲ့ ခံနိုင်ပါတယ်လို့ ဖြေမယ့် အစား

ဘယ် project မှာ ဘယ် task ကို ဆောက်ရွက်ခဲ့ရပါတယ်။ အဲဒီ အခါမှာ pressure တွေ ဘယ်လောက်များပါမယ်။​ အဲဒီ အတွက် ဒီလို action တွေ လုပ်ခဲ့သည့် အခါမှာ ဒီ project ဟာ pressure တွေ အောက်မှာ အောင်အောင်မြင်မြင် ပြီးခဲ့ပါတယ် ဆိုပြီး ဖြေဆိုရသည့် ပုံစံပါ။

ဒါဆိုရင် ကိုယ်ဟာ အတွေ့အကြုံရှိခဲ့ဖူးကြောင့် ဖြေရှင်းနိုင်ကြောင်း တာဝန်ယူနိုင်ကြောင်း တို့ကို ဖော်ပြပြီးသား ဖြစ်ပါတယ်။

Round By Round

ပုံမှန် အားဖြင့် interview တွေဟာ တဆင့်ပြီး တဆင့်ခေါ်တာတွေ ရှိပါတယ်။​ ပထမ အဆင့် ဖုန်း နဲ့ အင်တာဗျူး ပါတယ်။ Screening interview အဆင့်ပါ။​ ပြီးရင် algorithm and problem solving test ကို ဖြေခိုင်းတတ်ပါတယ်။ နောက်တဆင့်ကတော့ platform specific interview ပါ။ ဒီ platform အကြောင်း တကယ်သိမသိ မေးတတ်သည့် interview ပါ။ နောက်ပြီး High Level Diagram တွေ မေးတတ်သည့် interview တွေလည်း ရှိပါတယ်။ သင်ကိုယ်တိုင် ဒီ system ကို ဘယ်လို develop လုပ်မလဲ။​ ဘယ်လို ရေးမလဲ ဆိုပြီး မေးတတ်ပါတယ်။ System Analyst skills နဲ့ requirement gathering အား ကောင်းမကောင်း စစ်ဆေးဖို့ အတွက် High Level System Design interview ကို မေးကြတာပါ။

တချို့ interview တွေမှာတော့ personality test တွေ ပါပါတတ်ပါတယ်။​ အဆင့်ဆင့် interview တွေဟာ ၁ လ တစ်ခါတစ်လေ ၂ လောက် ကြာတတ်တာတွေ ရှိတတ်ပါတယ်။​

ဖိအား ခံနိုင်မှု နှင့် ပြဿနာ ဖြေရှင်းခြင်း

အချို့ company တွေက coding interview ထက် stress ဘယ်လောက် ခံနိုင်လဲ။​ ပြဿနာ ကြုံရရင် ဘယ်လို ဖြေရှင်းမလဲ ဆိုတာ သိချင်ကြတယ်။ ဒါကြောင့် ပေါက်ကရ မေးခွန်းတွေ မေးတတ်တယ်။

ဥပမာ။ မနက်ဖြန်ပေးရမယ့် project ဒါပေမယ့် laptop က ပျက်သွားရင် ဘယ်လို လုပ်မလဲ။ မင်း file တွေ မှားဖျက်မိရင် ဘယ်လိုလုပ်မလဲ။ Project က မနက်ဖြန် ပေးရမယ် အခု ထက်ထိ error တက်နေတုန်းဆိုရင် ဘယ်လို ရှင်းမလဲ။

စသည် ဖြင့် စိတ်ထဲ ရှိသည့် မေးခွန်းတွေ တောက်လျှောက်မေးပြီး stress ကို ဘယ်လို handle လုပ်လဲ ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာတွေ မေးတတ်တယ်။

Interview တိုင်းမှာ တည်ငြိမ်ပြီး စကားကို ရှင်းလင်း စွာ ပြောဖို့ လိုတယ်။​ စိတ်လှုပ်ရှားတတ်ရင် အလုပ်ရလည်း ဖြစ်တယ် မရလည်း ဖြစ်တယ်လို့ စိတ်ကို ထားပြီး တည်ငြိမ်စွာ ဖြေဖို့ လိုတယ်။ Stress တွေ များလာရင် အမှားတွေ ပြောတတ်တယ်။ ဒေါသတွေ ထွက်လာတတ်တယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။ လုပ်ငန်းခွင် ရောက်ရင် မှားရင် ခေါ်ပြီး သတိပေးခံ ရမှာ ဖြစ်သည့် အတွက် stress ကို ထိန်းနိုင်ဖို့ လိုတယ်။

အမှန်တိုင်းပြောပါ

Interview မှာ ကိုယ်မလုပ်ထားသည့် project တွေကို မပြပါနဲ့။ အကယ်၍ တစိတ်တပိုင်း ပဲ​ပါခဲ့ရင် ကိုယ်ပါဝင် လုပ်ဆောင်ခဲ့သည့် အပိုင်းကို ဖော်ပြထားဖို့ လိုပါတယ်။ မလုပ်ထားခဲ့တာတွေကိုတော့ resume ထဲလည်း ထည့်မရေးပါနဲ့။ အခု လိမ်လို့ ရပေမယ့် လုပ်ငန်းခွင် မှာ လိမ်လို့ မရပါဘူး။​ အဲဒီအခါ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်ကို အထင်သေးပါလိမ့်မယ်။

လေ့ကျင့်ထားဖို့

Interview တွေက မေးခွန်းမေးရင် တစ်ခုနဲ့ တစ်ခု သိပ်ပြီးကွာခြားမှု မရှိဘူး။ ဒါကြောင့် မေးခွန်းတွေကို ဘယ်လို ဖြေရမလဲဆိုတာကို ရှာပြီး လေ့ကျင့်ထားဖို့ လိုပါတယ်။

မေးတတ်သည့် မေးခွန်းတွေက

  • ကိုယ့်ကိုယ်ကို မိတ်ဆက်ပါ
  • ဘာကြောင့် ဒီ company ကို ရွေးချယ်ရတာလဲ
  • ကိုယ့်ရဲ့ အားသာချက်
  • ကိုယ့်ရဲ့ အားနည်းချက်
  • နောက် ၅ နှစ်မှာ ဘာဖြစ်ချင်လဲ

ဒီမေးခွန်းတွေက ပုံမှန် မေးနေကြမေးခွန်းပါ။ ဒီမေးခွန်းတွေကို ဘယ်လိုဖြေသင့်သလဲဆိုတာ company တစ်ခု နဲ့ တစ်ခု တူမှာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ အဖြေတိုင်းမှာ ကိုယ်လျောက်မယ့် position အတွက် အထောက်အပံ့ ဖြစ်နေဖို့လိုတယ်။

မိတ်ဆက်သည့် အခါမှာ ကိုယ်လျောက်မယ့် position နဲ့ သက်ဆိုင်သည့် project တွေပဲ ပြောတာမျိုးပေါ့။ အခြားလုပ်ဖူးတာတွေ ပြောနေရင်လည်း စိတ်ဝင်စားမှု ရှိမှာမဟုတ်ပါဘူး။

ကိုယ့်ရဲ့ အားနည်းချက်ကို ဖြေရတာဟာ အခက်အခဲဆုံးပဲ။ အများအားဖြင့် အလုပ်နဲ့ မဆိုင်တာတွေပဲ ဖြေဆိုတတ်ကြတယ်။ ဖြစ်သင့်တာက အလုပ်နဲ့ ဆိုင်တာ မျိုးမှာ အားနည်းချက်ကို သိချင်တာပါ။

ဥပမာ project တစ်ခုပြီးသွားရင် နောက်ထပ် project ကို ချက်ခြင်းမသွားနိုင်တာ ကျွန်တော့်ရဲ့ အားနည်းချက်ပါ။ ပြီးသွားသည့် project မှာ ဘာ bugs တွေ ရှိနေသေးလည်း ဘာတွေ ထပ်ပြင်သင့်တယ်။ code ကို ဘယ်လိုပြန်ပြင် သင့်တယ်ဆိုတာကို ပြန်ပြန်စစ်နေတော့ နောက်ထပ် project တစ်ခုကို မလုပ်နိုင်ဘူး ဖြစ်နေတယ်။ ဒီအားနည်းချက်ကို ပြင်ဆင်နိုင်အောင် ကြိုးစားနေပါတယ်။ အခု လုပ်ငန်းခွင်ထဲမှာ အဲလိုမဖြစ်အောင် ကြိုးစားပါမယ်။ project တစ်ခု ကနေ နောက်တစ်ခု ချက်ခြင်းပြောင်းပြီး လုပ်နိုင်အောင် လုပ်ပါမယ်။

ဒါဆိုရင် အလုပ်နဲ့လည်း သက်ဆိုင်သလို ကိုယ့်အားနည်းချက်က company အတွက် ထိခိုက်မှု ကြီးကြီးမားမား မရှိဘူး ဆိုတာကို ပေါ်လွင်စေပါတယ်။

နောက် ၅ နှစ် မှာ ဘာဖြစ်လဲ ဆိုပြီး မေးခွန်းရဲ့ တကယ့် မေးခွန်း အစစ်ကတော့ ငါတို့ဆီ မှာ ၅ နှစ်လောက် ကြာကြာလုပ်မှာလား လို့ မေးတာပါ။ interview ဖြေနေကြမဟုတ်သည့်သူတွေကတော့ ကိုယ်ဖြစ်တာတွေ ပြောတတ်ပါတယ်။

ဖြေသင့်တာက company မှာ ၅ နှစ်လောက် ရှိနေပါမယ်။ company မှာ senior developer အနေနဲ့ ရှိနေချင်ပြီးတော့ junior တွေကို coach လုပ်ပြီး project တွေကို အရင်ကထက် ပိုပြီး သေချာသပ်ရပ်အောင် လုပ်နိုင်မယ် လို့ ထင်ပါတယ်။